[ August 15, 2024 ]

Recruiter တစ်ယောက်၏ CV ရေးသားမှု အကြံပြုချက်များ

လစာကောင်းကောင်းနှင့် ကုမ္ပဏီကောင်းတွေမှာ လုပ်ကိုင်ဖို့အခွင့်အလမ်းတွေ လက်လွတ်မခံဖို့ဆိုရင် Professional CV ကောင်းတစ်စောင် အဆင်သင့်ရှိဖို့ လိုအပ်ပါသည်။ Recruiter များ၏ နေ့စဉ်ရာနှင့်ချီသော CV များဖတ်ရှုခြင်းက ရှောင်လွှဲ၍မရသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ CV များကို ဖတ်ရှုရာတွင် အတုယူစရာ ကောင်းသော CV များလည်း တွေ့ရသလို၊ လိုအပ်ချက်များရှိနေသော CV များကိုလည်း တွေ့ရပါသည်။ ထို့ကြောင့် Recruiter/ HR တစ်ယောက်၏ အမြင်အရ CV ပြင်ဆင်ရာတွင် အရေးကြီးသော လိုအပ်ချက်များကို ဤဆောင်းပါးတွင် ရေးသားအကြံပြုဆွေးနွေးသွားပါမည်။ 

၁။ ဈေးကွက်ထဲရှိ A4 တစ်မျက်နှာ CV Form များ 

ဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်သော CV Form များမှာ Recruiter များ လိုချင်သော အချက်အလက်များဖြစ်သည့် ယခင်နှင့်လက်ရှိကုမ္ပဏီများတွင် လုပ်ကိုင်ခဲ့ရသော တာဝန်များ၊ စွမ်းဆောင်ရည်များ ဖြည့်သွင်းရန် မပါရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ၎င်း CV Form များဖြင့် အလုပ်လျှောက်လျှင် မည်မျှပင် Hiring Managers များလိုချင်သော ပညာအရည်အချင်း၊ Experience ရှိစေကာမူ အလုပ်ရရှိနိုင်ရန် အခွင့်အရေး နည်းပါးပါသည်။

၂။ CV Format

CV တစ်စောင်၏ ပထမဆုံးစဉ်းစားရမည့်အချက်မှာ မည်သည့်  Format ဖြင့် ပြင်ဆင်ရေးသားရန် ဖြစ်ပါသည်။ CV Format များတွင် Entry Level၊ Experience Level Formats ဟူ၍ Format များရှိပြီး မိမိ Experienceနှင့် အသင့်တော်ဆုံးဖြစ်မည့် Format ကို ရွေးချယ်ရန် လိုအပ်ပါသည်။

Font Size နှင့် Paragraph Spacing သည်လည်း CV ဖတ်ရှုသူအတွက် ဖတ်ရှုရလွယ်ပြီး ရှင်းလင်း သေသပ်ရန် လိုအပ်ပါသည်။ ခေါင်းစဉ်များအတွက် Font Size ’14’၊ စာကိုယ်အတွက်  Font Size ’12’၊ Paragraph Spacing ‘1.15, 1.5’ တို့သည် အသင့်တော်ဆုံး ဖြစ်ပါသည်။ အရေးကြီးသော အချက်အလက်များကို သိသာထင်ရှားစေရန် Bold လုပ်ရန်လိုအပ်ပါသည်။ Colour ထည့်သွင်းရာတွင်လည်း  Neutral Colours များဖြစ်သော Navy Blue, Dark Blue, Grey & Black  များသည် အသင့်တော်ဆုံး ဖြစ်ပါသည်။  ဓာတ်ပုံထည့်သွင်းရာတွင်လည်း Formal ကျသော ပုံများထည့်သွင်းသင့်ပါသည်။ ဤအရာ များသည် မိမိ CV ကို Recruiters များဖတ်လိုသော၊ မျက်စိရှင်းသော CV  တစ်စောင်ဖြစ်စေရန် အထောက်အကူ ပြုပါသည်။ Recruiters များ၏ CV ဖတ်သောအခါ ဖြစ်ပေါ်လာသော ပထမဆုံး အမြင်တွင်လည်း မိမိ CV မှာ Professional ဆန်သော၊ Well-Prepared ဖြစ်သော CV အဖြစ် သတ်မှတ်ခြင်း ခံရနိုင်ပါသည်။ 

၃။ ဆက်သွယ်ရန်အချက်အလက်များ

အချို့သော CV များတွင် ဆက်သွယ်ရန် Phone Numbers များ၊ Email Address များ ထည့်သွင်းရန် ကျန်ရှိနေသည် (သို့မဟုတ်) Update မဖြစ်နေသည်ကို တွေ့ရပါသည်။ ကုမ္ပဏီအများစုမှာ ရရှိလာသော CV များကို Database များတွင် Save ထားလေ့ရှိပါသည်။ Database ထဲမှ CV များကို ဆက်သွယ်ရန် ပြုလုပ်သောအခါ ဖုန်းပိတ်ထားခြင်း၊ နံပါတ်မှားနေခြင်း၊ ဖုန်းကိုင်သူပြောင်းသွားခြင်းများ ဖြစ်နေတတ်ပါသည်။ Update မဖြစ်သော CV တစ်ချို့မှာ Recruiters များ သဘောကျသော်လည်း ဖုန်းဆက်မရသောအခက်အခဲများကြောင့် ရွေးချယ်မခံရလေ့ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် Email များစွာရရှိသောကုမ္ပဏီများအဖို့ Email တစ်စောင်ကို ပြန်ရှာရသည်မှာ မလွယ်ကူသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဖုန်းနံပါတ်များ ပြောင်းလဲသွားပါက မိမိတို့လျှောက်ထားသော ကုမ္ပဏီများသို့ Email ပို့ကာ ဆက်သွယ်အကြောင်းကြားသင့်ပါသည်။ 

၄။ Professional Summary (သို့မဟုတ်) လုပ်ငန်းအတွေ့အကြုံဆိုင်ရာ ကိုယ်ရေးအကျဉ်:ချုပ်

Professional Summaryကို CV အများစုတွင် တွေ့ရလေ့မရှိပေ။ Professional Summary ဆိုသည်မှာ မိမိ၏လုပ်သက်၊ လုပ်ငန်းအတွေ့အကြုံ၊ အားသာချက်များ၊ မိမိ၏အနာဂတ် Career နှင့် ပတ်သက်သော ရည်မှန်းချက်များနှင့် လက်ရှိလျှောက်ထားသော အလုပ်နှင့် သင့်တော်ကြောင်း အချက်များကို အကျဉ်းချုံး ရေးသားခြင်းဖြစ်ပါသည်။

၅။ Skills (သို့မဟုတ်) လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ

Skills ဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းရာတွင် Field တစ်ခုနှင့်တစ်ခု အနည်းငယ် ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အချို့သော Positions များမှာ Position လိုအပ်ချက်အရ Technical Skills များကို ပို၍ ထည့်သွင်း သင့်ပါသည်။ ယနေ့ IT ခေတ်အရ Hiring Manager များမှာ Technical ပိုင်းနှင့် Software ကျွမ်းကျင်စွာ အသုံးပြုတတ်သူများကို ဦးစားပေးရွေးချယ်လေ့ရှိပါသည်။

Management Level Position CV များတွင် ရာထူးအလိုက်လိုအပ်သော Skills များဖြစ်သည့် Leadership Skills, Decision Making Skills, Analytical Skills အစရှိသည်တို့ကို လိုအပ်ပါသည်။

၆။ ကုမ္ပဏီအမည်၊ ရာထူး လုပ်ကိုင်ခဲ့သော ကာလအပိုင်းအခြား

မိမိ Employment History ခေါ်သည့် လုပ်ကိုင်ခဲ့ဖူးသော ကုမ္ပဏီအမည်၊ ရာထူးနှင့် အချိန်ကာလ အပိုင်းအခြားများကို နှစ်အလိုက်၊ လအလိုက်၊ ထည့်သွင်းရေးသားရန် လိုအပ်ပါသည်။ သို့မှသာ CV ဖတ်ရှုသော Recruiter များမှာ မည်သည့်အချိန်ကာလအတွင်း မည်သည့်ရာထူးဖြင့် မည်သည့်ကုမ္ပဏီတွင် လုပ်ကိုင်သည်ကို သိရှိမည်ဖြစ်ပါသည်။ ထို့အပြင် မိမိနောက်ဆုံးအလုပ်တွင် လုပ်ကိုင်နေသော ရာထူးကိုလည်း သိရှိမည်ဖြစ်ကာ နောက်ပိုင်း မိမိနှင့် ကိုက်ညီသော လစ်လပ် Positions များတွင် မိမိကို ထည့်သွင်း စဉ်းစားလာနိုင်ပါသည်။

၇။ အလုပ်တာဝန်ဝတ္တရားများ (Job Descriptions)

Candidates များ၏ CV များတွင်လည်း  Job Descriptions ရေးသားဖော်ပြခြင်းသည် Hiring Managers များအတွက် လျှောက်ထားသူ၏ လုပ်ငန်းအတွေ့အကြုံများနှင့် လစ်လပ်ရာထူးနေရာအတွက် ကိုက်ညီမှုရှိမရှိကို အချိန်တိုအတွင်း လေ့လာဆန်းစစ်နိုင်ရန် အထောက်အကူပြုပါသည်။  သို့ရာတွင် အလုပ်တာဝန် ဝတ္တရားများကို အချို့သော Candidates များသည် ထည့်သွင်းရေးသားရန် မလိုအပ်ဟု ထင်တတ်ကြပါသည်။ Interview ဝင်သည့်အချိန်မှ မိမိတို့လုပ်ကိုင်ခဲ့ရသည်များကို ပြည့်စုံစွာ ဖြေကြားမည်၊ အပြင်တွင် မျက်နှာချင်းဆိုင် ပြောပြရသည်ကို ပို၍အားသန်သည်ဟု တွေးထင်တတ်ကြပါသည်။ 

HR များသည် Interview Stage တွင် အချိန်ကုန် လူပင်ပန်း ဖြစ်မည်စိုးသောကြောင့် Interview Process မတိုင်ခင်  CV များကို သေချာဖတ်ကာ စနစ်တကျ ရွေးချယ်လေ့ ရှိပါသည်။ CV  ကို ဖတ်ရှုရာတွင် Recruiter များ၏ Impression အရ Well-Prepared မရှိသော CV၊ Responsibilities မထည့်သွင်းသော CV များမှာ မိမိတို့ ကုမ္ပဏီ၏ လုပ်ကိုင်ရမည့် တာဝန်များနှင့် မကိုက်ညီဟု ထင်ပြီး ဖယ်ချန်ထားခံရလေ့ ရှိပါသည်။ JD များသည် အခြား CV များထက် Recruiters များ၏ အာရုံစိုက်မှုကို ပိုမိုရရှိပြီး မိမိ CV သည် လက်ရှိခေါ်ယူနေသော ရာထူးအတွက် အသင့်တော်ဆုံး CV ဖြစ်ကြောင်း ထောက်ပံ့ပေးလေ့ရှိပါသည်။ 

JD ထည့်သွင်းရေးသားရမည်ဆိုရာတွင်လည်း စာအရှည်ကြီး ရေးသားသည်ထက် အရည်အချင်းကို ပေါ်လွင်စေမည့် Key Points/ အဓိကအချက်များ ထည့်သွင်းရေးသားရန် ကျန်ရှိမနေစေဖို့ လိုအပ်ပါသည်။ 

၈။ Achievement 

ယနေ့ခေတ် CV များတွင် အထက်ဖော်ပြပါ အချက်များဖြင့် မလုံလောက်တော့ပေ။ မိမိလုပ်ကိုင်ခဲ့ဖူးသော လုပ်ငန်းများတွင် မိမိ၏စွမ်းဆောင်ချက်များ၊ အောင်မြင်စွာပြီးဆုံးမှုများ၊ တိုးတက်လာသော Skills များကို ထည့်သွင်းရန်လိုအပ်ပါသည်။ သို့မှသာ HR များအနေဖြင့် မိမိသည် အလုပ်လုပ်ရာတွင် စည်းစနစ်ကျသော၊ အလုပ်များကို ပြီးဆုံးအောင် လုပ်နိုင်သော၊ ကုမ္ပဏီကို တိုးတက်အောင် စွမ်းဆောင်နိုင်သောသူအဖြစ် သတ်မှတ်ခံရနိုင်ပါသည်။ 

၉။ Referee 

Referee ထည့်သွင်းခြင်းသည် မိမိ CV ပါအချက်အလက်များ မှန်ကန်ကြောင်း အခိုင်အမာ ပြောဆိုခြင်း ဖြစ်ပါသည်။ Referee ထည့်သွင်းရာတွင် မိမိနှင့် ကုမ္ပဏီအတွင်းရင်းနှီးသော်လည်း အတူမလုပ်ကိုင်ဖူးသော မိတ်ဆွေများကို မထည့်သွင်းသင့်ပေ။ မိမိနှင့် အတူလုပ်ကိုင်ခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက်များ၊ မိမိအလုပ်လုပ်ရာတွင် ကြီးကြပ်စီမံပေးဖူးသော အထက်အရာရှိများကို ထည့်သွင်းသင့်ပါသည်။ Referee များကို အနည်းဆုံး (၂)ယောက်၊ Management Level ရာထူးများအတွက် အနည်းဆုံး (၃)ယောက် ထည့်သွင်းသင့်ပါသည်။

အထက်ပါ အချက်များသည် CV ရေးသားရာတွင် အရေးကြီးသော အချက်အလက်များ ဖြစ်ပြီး Recruiter-Friendly ဖြစ်သော၊ အခြားသော CV များထက် ပေါ်လွင်ထင်ရှားစေသော CV တစ်စောင် ဖြစ်လာစေနိုင်ပါသည်။

CV ရေးသားရာတွင် အခက်အခဲရှိနေသောသူများအတွက် ကူညီပေးမည့်အစီအစဉ်တစ်ရပ်ကို MHCS မှမကြာခင်ပြုလုပ်သွားရန် စီစဉ်နေသောကြောင့် Blog ကို ဆက်လက်စောင့်စားပေးပါရှင့်။